Tuesday, June 17, 2014

ပေါ်တူဂီနှင့်ပွဲတွင် ရော်နယ်လ်ဒိုကို လှုပ်မရအောင် ထိန်းထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြပြောကြား

       
           ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လှုပ်မရအောင် စနစ်တကျ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ဂျာမနီနည်းပြ 
ဂျိုအာချင်လိုက ပြောကြားခဲ့သည်။ဂျာမနီက တစ်ယောက်လျော့ ပေါ်တူဂီ အသင်းကို (၄-၀)ဖြင့် အနိုင်ရခဲ့ရာတွင် 
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်လ်ဒိုသည် ဂျာမနီ နောက်တန်း၏ Marking ကစားပုံ
ကို လုံးဝ မကျော်လွန်နိုင်ခဲ့ဘဲ ဂိုးပေါက်ကန်သွင်းရန် နှစ်ကြိမ်မျှသာ အခွင့်အရေး ရခဲ့သည်။
           ဂျာမနီအသင်း (၂)ဂိုးပြတ် နိုင်နေချိန်တွင် ပေါ်တူဂီ နောက်ခံလူ ပီပီပါ ပထမပိုင်း ကတည်းက အနီကတ် 
ထိခဲ့သည့်နောက် ယခုပွဲသည် တစ်ဖက်သတ် ဖြစ်ခဲ့ပြီး ဂျာမနီက သောမတ်စ်မူလာ၏ Hat-Trick၊ မတ်စ်ဟမ်မဲလ်၏ 
ထောင့်ကန်ဘော ခေါင်းတိုက်ချက်များဖြင့် အနိုင်ရရှိသွားခဲ့သည်။
          “အသင်းက ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီကို အခွင့်အရေး သိပ်မရအောင် ကျွန်တော်တို့ 
ထိန်းထားနိုင်တယ်လေ”ဟု ပွဲအပြီးတွင် လိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော်တို့ 
ပထမပိုင်းမှာ မြန်နှုန်းမြှင့်ပြီး ကစားခဲ့တယ်။ အဲဒီကနေ အခွင့်အရေးတွေ ဖန်တီးယူနိုင်ခဲ့တာပါ။ ရော်နယ်လ်ဒိုကို သူ
အားသန်တဲ့ ပုံစံမျိုး ဘောလုံးဆွဲပြေးခွင့် မရအောင် ကျွန်တော်တို့ တားထားနိုင်ခဲ့တယ်။ ဒါက သိပ်အရေးကြီးပါတယ်။
 သူက အဲဒီကစားပုံမျိုးနဲ့ဆို အရမ်းအန္တရာယ်ပေးနိုင်တဲ့ ကစားသမားပါ”ဟုလည်း ဆိုသည်။
            လိုက “ဒုတိယပိုင်းကျတော့ ကျွန်တော်တို့ ဗျူဟာပြောင်းလဲခဲ့တယ်။ ပွဲအနေအထားနဲ့ သင့်လျော်စေဖို့အတွက် 
ဘောလုံးကို ကိုင်ကစားဖို့ အဓိက ဦးတည်ခဲ့ပါတယ်။ နောက်ပြီး ရာသီဥတုကလည်း ပူတယ်လေ။ နောက်နှစ်ပွဲဆို ပိုပြီး
တောင် ပူဦးမယ် ထင်တယ်။ ဒီလို ရာသီဥတုမျိုးမှာ တောက်လျှောက် ပြေးလွှားနေရတာ ကစားသမားတွေအတွက် မ
လွယ်ပါဘူး။ ဒါကြောင့်လည်း ခံစစ်မှာ အားလုံးစုစည်းပြီး ကာကွယ်နိုင်ဖို့ အဓိက ကြိုးစားခဲ့ပါတယ်”ဟုလည်း ပြောကြား
ခဲ့သေးသည်။ယခုပွဲတွင် (၃)ဂိုးသွင်းခဲ့သည့် မူလာသည် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် (၇)ပွဲသာ ကစားဖူးသော်လည်း 
(၈)ဂိုးထိ ရရှိလာပြီ ဖြစ်သည်။ “ကျွန်တော်က ဂျာမနီနဲ့အတူ အထင်ကရ ပြိုင်ပွဲကြီး (၃)ခုဆက်တိုက် ပါဝင်ကစားထားပြီး
သားပါ။ ဖိအားတွေနဲ့ ကျွန်တော် အသာကျနေပါပြီ။ ဒါပေမဲ့ ခုလို ပွဲကြီးပွဲကောင်းမှာ (၃)ဂိုးသွင်းနိုင်ခဲ့တယ် ဆိုတာကတော့ 
အံ့ဩတုန်လှုပ်စရာပါ။ ဂိုးတွေကလည်း တစ်ဂိုးထက်တစ်ဂိုး ပိုကောင်းလာတော့ သိပ်ကို ထူးကဲတဲ့ အခြေအနေပါပဲ။ 
ကျွန်တော် Hat-Trick ရခဲ့တာ ပျော်စရာပါ။ ဒါပေမဲ့ ဂုဏ်ယူမှုတိုင်းအတွက် ကျွန်တော့် အသင်းဖော် အားလုံးလည်း ထိုက်
တန်ပါလိမ့်မယ်”ဟု မူလာက မှတ်ချက်ပြုသွားသည်။

_Ref; 7dayd

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More