Tuesday, June 24, 2014

ဘရာဇီးအသင်း အကောင်းဆုံးခြေစွမ်း ရရှိနေပြီဟု နေမာကြွေးကြော်


            ကင်မရွန်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဘရာဇီးအသင်း၏ အကောင်းဆုံး ခြေစွမ်းကို ရရှိနေပြီဟု 
တိုက်စစ်မှူး နေမာက ကြွေးကြော်လိုက်သည်။ ဘရာဇီးသည် ကမ္ဘာ့ဖလား အုပ်စု(A) အပိတ်ပွဲစဉ်တွင် အာဖရိက
 ဒေသမှ အသင်းကို (၄-၁)ဖြင့် အပြတ်အသတ် အနိုင်ယူပြီး အုပ်စုဗိုလ် နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်
ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ တိုက်စစ်မှူး နေမာက ဘရာဇီးအတွက် ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူခဲ့သည်။
အဆိုပါပွဲစဉ် ရလဒ်ကြောင့် ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးသည် (၁၆)သင်း ရှုံးထွက်အဆင့်တွင် တောင်အမေရိက 
ဒေသတွင်းပြိုင်ဘက် ချီလီနှင့် တွေ့ဆုံတော့မည် ဖြစ်သည်။
            “ကျွန်တော်သာ အမှတ်မှားတာ မဟုတ်ဘူးဆိုရင် ကစားဖူးသမျှ ဒီပွဲဟာ ဘရာဇီးရဲ့ အကောင်းဆုံး ခြေစွမ်းပဲ။ 
လူတိုင်းက ပွဲအစကနေ အဆုံးထိ အစွမ်းကုန် ကြိုးစားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒီလို ဂိုးပြတ် အနိုင်
ရလဒ်မျိုး ထွက်ပေါ်လာတာဟာ ဘရာဇီးအတွက် ထိုက်တန်ပါတယ်။ ပြီးတော့ ချီလီနဲ့ ပွဲအတွက်လည်း ကျွန်တော်တို့ကို 
ယုံကြည်မှု တိုးပွားသွားစေတယ်”ဟု နေမာက ပြောကြားခဲ့သည်။
            ဘရာဇီးတွင် ခြေစွမ်းပျောက်နေသဖြင့် ပွဲထွက်နေရာနှင့် မထိုက်တန်ကြောင်း ဖိအားပေး ဝေဖန်မှုများ ကြုံနေရ
သည့် တိုက်စစ်မှူး ဖရက်ဒ်သည်လည်း ယခုပွဲတွင် ဂိုးပေါက် ရှာတွေ့ခဲ့သည်။ ကမ္ဘာ့ဖလားတွင် ပထမဆုံး သွင်းဂိုးကို ရရှိ
ခဲ့ပြီးနောက် ဖရက်ဒ်က “ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ။ ကျွန်တော် အရမ်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ 
အမှန်အတိုင်း ပြောရရင် စိတ်တည်ငြိမ်နေအောင် ကျွန်တော် မနည်းကြိုးစား တည်ဆောက်ထားရတယ်။ ဘရာဇီး အသင်း
ဖော်တွေကတော့ ကျွန်တော့်အတွက် အများကြီး ကူညီခဲ့ပါတယ်။ သူတို့အားလုံးကို ကျွန်တော် ကျေးဇူးတင်နေမှာပါ”ဟု 
ဆိုသည်။ အရန်ခုံမှ ထလာပြီး ဘရာဇီးအတွက် စတုတ္ထဂိုး သွင်းယူခဲ့သည့် ကွင်းလယ်လူ ဖာနန်ဒင်ဟိုကလည်း “ကျွန်တော် 
ဂိုးသွင်းနိုင်တဲ့အတွက် ယုံကြည်မှု ပိုမြင့်တက်လာပါတယ်။ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့လည်း 
ထင်ပါတယ်။ အခွင့်အရေးကို ကျွန်တော် စောင့်ခဲ့တယ်။ အခွင့်အရေး ရလာချိန်မှာ အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်။ ခုဆိုရင် 
ချီလီနဲ့ပွဲမှာ ကျွန်တော် ပွဲထွက်ခွင့်ရဖို့ (၅၀)ရာခိုင်နှုန်းလောက် အခွင့်အရေး ရှိလာပြီ ထင်ပါတယ်။ လူရွေးချယ်မှုကတော့ 
နည်းပြရဲ့ ဆုံးဖြတ်ချက်သာ အဓိကပါပဲ”ဟု ပြောကြားသွားသည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More