Wednesday, April 16, 2014

ရခိုင်မင်းဆက် နောက်ဆုံးဘုရင်ကို မြှုပ်နှံထားခဲ့သည့်နေရာအား ရှာဖွေနေ



              ရန်ကုန်၊ မတ် ၂၁ ။
          ရခိုင်ထီးနန်းကို နောက်ဆုံး မင်းဆက်အဖြစ်စိုးစံခဲ့သည့် ရခိုင် ဘုရင်မဟာသမ္မတရာဇာကို မြှုပ်နှံထားခဲ့သည့်
နေရာအား ရှာဖွေမှုပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မတ်လပထမပတ်အတွင်းကစတင်ခဲ့သည့် အဆိုပါ ရှာဖွေမှုတွင်
မဟာသမ္မတရာဇာဘုရင်ကို ဂူသွင်း မြှုပ်နှံထားခဲ့သည်ဟုယူဆရဖွယ်ရှိသည့် မန္တလေး မြို့၊ အမရပူရမြို့နယ်အတွင်းရှိ
ဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်ကြား များသို့ သွားရောက်ရှာဖွေခဲ့သော်လည်း ဘုရင်နှင့်ပတ်သက်
သည့် သဲလွန်စ တစ်စုံတရာ ကိုမျှ ရှာဖွေမတွေ့ရှိခဲ့ကြောင်း ကိုယ်တိုင်သွား ရောက်ရှာဖွေနေသူ ရခိုင်သမိုင်းသုတေသီ
 ဦးဘသောင်း(သူမြတ် - မဟာအောင်မြေ)က ပြောသည်။
                  "ကျွန်တော်တို့ရခိုင်အမျိုးမှာ အမှတ်အသားကြီး တစ်ခုအဖြစ်ကျန်ရှိနေစေဖို့အတွက် ရှာဖွေတာ ဖြစ်တယ်။
နောက်ပြီး ကျွန်တော်တို့အမျိုးဘာသာ သာသနာအတွက်၊ ကျွန်တော်တို့လူမျိုးအတွက် အဓိက မမေ့ထိုက်၊ မမေ့အပ်တဲ့သူ။
ကျွန်တော် တို့ရဲ့ နောက်ဆုံးဘုရင်တစ်ပါးရဲ့ အရိုးဂူကိုလည်း ကျွန်တော်တို့ရခိုင်သူရခိုင်သားတွေအနေနဲ့ ပြန်လည်ဖော်
ထုတ်ပြီး အမှတ်တရတစ်ခုအဖြစ် သိမ်းထားသင့်တယ်ထင်လို့ ခုလိုသွားရောက်ရှာ ဖွေတာဖြစ်တယ်"ဟု ယင်းက Democracy
Today သတင်းစာ၏တွေ့ဆုံမေးမြန်းမှုကို ဖြေကြားသည်။
              သက္ကရာဇ် ၁၁၄၄ ခုနှစ်မှစတင်ကာကာ ရခိုင်ပြည် ဓညဝတီမြောက်ဦးမြို့တွင်စိုးစံခဲ့သည့် ရခိုင်ဘုရင် သမ္မတရာဇာ
နန်းတက်အပြီး နှစ်နှစ်အကြာ သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလဆုတ် ၈ ရက် စနေနေ့(ခရစ်နှစ် ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁
ရက်)တွင် ရခိုင်ထီးနန်းမှာ မြန်မာဘုရင် ဘိုးတော် ဘုရား၏သိမ်းပိုက်ခြင်းကိုခံခဲ့ရကြောင်း ရခိုင် သမိုင်းသုတေသီ ဦးဘသောင်း
(သူမြတ် - မဟာ အောင်မြေ)၏ပြောပြချက်အရ သိရသည်။
            ထီးနန်းကိုသိမ်းပိုက်ပြီးနောက် ဘိုးတော်ဘုရားက ဘုရင်မဟာသမ္မတရာဇာအပါအဝင် ယင်း၏မိဖုရား မြသန္တာနှင့် မှူး
မတ်ဗိုလ်ပါများကို မန္တလေးမြို့၊ အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းက ဆက်လက်ပြောသည်။"ဗမာတစ်မျိုးသား
လုံး သီပေါမင်းကိုလွမ်းကြတယ်။ ဒီနေ့အချိန်ထိလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့သွားတဲ့အခါ သူတို့ဗမာ သီပေါမင်း
 အုတ်ဂူဆီသွားပြီး ဂါရဝပြုခဲ့တယ်။ နောက်ပြီး အိန္ဒိယကနေ အဲဒီအုတ်ဂူကို မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်ခွင့်ကိုတောင်မှ
တောင်းခဲ့ တယ်။ အဲဒါဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် အမှတ်တရဖြစ်စေဖို့ပေါ့။ ကျွန်တော်တို့လည်း မဟာသမ္မတရာဇာရဲ့
အုတ်ဂူကို အမှတ်တရဖြစ်စေ ချင်တယ်။ ဗမာတွေလည်း သီပေါမင်းကိုလွမ်း သလို ရခိုင်လူထုတစ်ရပ်လုံးကလည်း မဟာ
သမ္မတရာဇာကို လွမ်းပိုင်ခွင့်ရှိတယ်"ဟု ဦးဘသောင်း(သူမြတ် - မဟာအောင်မြေ)က ပြောသည်။
           အဆိုပါဘုရင်ကိုမြှုပ်နှံထားခဲ့သည့်နေရာအား မတွေ့မချင်း ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး တွေ့ရှိပါက ယင်းအရိုးအုတ်
ဂူကို အမရပူရမှာ သော်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ သော်လည်းကောင်း ခမ်းခမ်းနားနား ကြီးကြီး ကျယ်ကျယ်ဖြင့် ပြန်
လည်တည်ဆောက်ပေးရန် အစိုးရထံတောင်း ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
            ရခိုင်ထီးနန်းပျက်သုဉ်းသခဲ့သည့် သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလဆုတ် ၈ ရက်နေ့ကို ရခိုင်ပြည်ကျ ဆုံးခြင်းနေ့အဖြစ်
ရခိုင်တိုင်းရင်းသားများက သတ်မှတ်ထားပြီး ယင်းနေ့တွင် ရခိုင်ထီးနန်းပျက် သုဉ်းရခြင်းနှင့် ပတ်သက်၍ အောက်မေ့ဖွယ်အခမ်း
အနားများ ကျင်းပတတ်ကြကြောင်း သိရသည်။

မာန် ယုကျော်(ရွှေဝမြေ)  (၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၂ ရက်ထုတ် Democracy Today သတင်းစာမှ)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More