Tuesday, November 19, 2013

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းမှ စာတိုပို့စနစ် အသုံးပြုမှု မတွင်ကျယ်သေးဟုဆို

မိုဘိုင်းဖုန်းကိုင်ဆောင်သူဦးရေမှာ နှစ်အနည်းငယ်အတွင်းသိသိသာသာ တိုးတက်လာသော်လည်း SMS (Short Message
System) စာတိုပို့စနစ်ဝန်ဆောင်မှုကို သုံးစွဲသူနှုန်းက အလွန်နည်းပါးနေသေးကြောင်း ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူများထံမှ
စုံစမ်းသိရှိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ကောင်းမွန်သည့် ဝန်ဆောင်မှုကို အပြည့်အဝထောက်ခံပေးနိုင်သည့် ဝန်ဆောင်မှု
စနစ်များမရှိခြင်းက မိုဘိုင်းဖုန်းမှတစ်ဆင့်စာတိုပို့စနစ် (SMS) ကို သုံးစွဲသူနည်းပါးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ကွန်ပျူတာ
ပညာရှင်တချို့က ထောက်ပြပြောဆိုသည်။ ယင်းကဲ့သို့ ဝန်ဆောင်မှုစနစ်ကောင်းကောင်းကို အထောက်အပံ့ပေးနိုင်သည့် နည်းစနစ်များ
 အားနည်းခြင်းက မိုဘိုင်းဖုန်းသုံးစွဲသူအချင်းချင်း စာတိုပို့ရာတွင် အချိန်နောက်ကျမှရောက်ရှိခြင်း၊ တစ်ခါတရံတွင် စာတိုပေးပို့၍ မရခြင်းစသည့်
အခက်အခဲများကို ကြုံတွေ့စေရသည်ဟု ရန်ကုန်နှင့်မန္တလေးမြို့မှ သုံးစွဲသူအချို့က ဆိုကြသည်။
       “ပို့လိုက်တဲ့စာက တစ်ဖက်ဖုန်းကို ချက်ချင်းမရောက်ဘဲ နာရီဝက်လောက် နောက်ကျမှရောက်တာကြုံရတယ်။ နံပါတ်မှန်ရဲ့သားနဲ့ မက်ဆေ့ခ်ျမ
မထွက်တာလည်း ခဏ၊ ခဏဆိုသလိုပါပဲ။ အဲ့ဒီအတွက် ကျွန်မတို့ သုံးစွဲသူတွေက ဆက်သွယ်ရေးရဲ့ ဝန်ဆောင်မှုတွေကို မယုံကြည်တာ မဆန်းပါဘူး”
 ဟု မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ မန္တလေးမြို့မှ ကွန်ပျူတာပညာရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက “တခြားနိုင်ငံတွေလို စာပို့ရင်ချက်ချင်းမရောက်ဘူး။
နောက်တစ်ခုက ကောင်းမွန်တဲ့ နည်းစနစ်တွေမဟုတ်ဘူး။ မိုဘိုင်း Network တွေ စံနှုန်းမမီလို့ ဖြစ်ရတာ။ နိုင်ငံတကာမှာ သုံးနေကြတဲ့ SMS ဝန်ဆောင်
မှုတွေ ဒီမှာသုံးလို့မရနိုင်သေးတာတွေ ရှိသေးတယ်” ဟု မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းမှ စာတိုပို့သည့်စနစ်အားနည်းမှုနှင့်ပ တ်သက်ပြီး သုံးသပ်ပြောကြားသည်။
 နိုင်ငံ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် စာတိုပို့သည့်စနစ် မအောင်မြင်ရခြင်းတွင် နည်းပညာဗဟုသုတပိုင်းအားနည်းသည့် မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက်က
 များပြားနေဆဲ အနေအထားကြောင့်ဟုလည်းဖြစ်နိုင်သည်ဟု နေ့စဉ် မိုဘိုင်းဖုန်းနှင့် ထိတွေ့မှုများပြားသည့် သုံးစွဲသူအချို့က ၎င်းတို့၏ ထင်မြင်ချက်ကို
ဆိုကြသည်။ “ကျွန်တော့်အနေနဲ့က ဖုန်းပြောတာ ခြောက်ဆယ်ရာခိုင်နှုန်းဆို စာပို့တာကတော့ လေးဆယ်ရာခိုင်နှုန်းလောက်ပဲ သုံးဖြစ်တယ်။ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ကြည့်မယ်ဆို မိုဘိုင်းဖုန်းကနေ စာတိုပို့တဲ့ ဝန်ဆောင်မှုကိုသုံးတာ အရမ်းနည်းနေသေးတယ်။ စာတိုပို့ဖို့အတွက် မိုဘိုင်းဖုန်းကနေ စာရိုက်ဖို့
အခက်ရှိသူတွေ၊ ခက်ခဲနေသူတွေလည်း အများကြီးတွေ့နေရတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းသုံးစွဲသူ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာတွင်မူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်ခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် အခက်အခဲအမျိုးမျိုးကြောင့် မိုဘိုင်းဖုန်းမှ စာတိုပို့ခြင်းဝန်ဆောင်မှု အောင်မြင်မှုမရသေးခြင်းနှင့် တစ်ချိန်တည်းတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့်
 ဖိလစ်ပိုင်နိုင်ငံ၏ နေ့စဉ်စာတိုပေးပို့သည့် ပမာဏသည် သုံးစွဲသူ လူတစ်ဦးတွင် အနည်းဆုံးဆယ်စောင်မှ ဆယ့်နှစ်စောင်အထိ ရှိနေသည်။ ၎င်းနိုင်ငံ၏
စာတိုပေးပို့မှုအရေအတွက်သည် နေ့စဉ် တစ်ဘီလီယံခန့်အထိ ရှိနေသည်ဟု အင်တာနက်ပေါ်ရှိ ဝီကီပီးဒီးယား စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

ယုဇနကိုကိုRef & Credit : Internal Journal

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More