ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)ရေးသားသူ- ဒေါက်တာအရိုင်
ဒေါက်တာအရိုင်(Arai)သည် လွတ်လပ်သောလူမှုရေးသိပ္ပံပညာရှင် (social scientist) တစ်ယောက်ဖြစ်ပြီး
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသော ဂျပန်လူမျိုး
တစ်ယောက်ဖြစ်သည်။ ၂၀၁၃ သြဂုတ်လအတွင်း မြန်မာနိုင်ငံ အရပ်ဒေသအများအပြားသို့ ကွင်းဆင်းလေ့
လာခဲ့ပြီး လူတွေ့အင်တာဗျူးများလည်း များစွာဆောင်ရွက်ခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းကစတင်၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဒေသတွင်းပဋိပက္ခသည် မျိုးဆက်အ
ဆင့်အဆင့် ကြာရှည်စွဲမြဲစွာ တည်ရှိလာခဲ့ပြီး ဆင့်ပွားကြီးထွားလာခဲ့သော လူမှုဖွဲ့စည်းပုံမမျှတမှုနှင့် စိုးရိမ်
ကြောင့်ကြမှုစိတ်ရောဂါ (trauma) တို့ကို လှစ်ဟဖော်ပြလိုက်မှုပြယုဂ်တစ်ခုပင်ဖြစ်သည်။ ဤလူမှုဖွဲ့စည်းပုံ
မမျှတမှုနှင့် စိုးရိမ်ကြောင့်ကြမှုစိတ်ရောဂါတို့ ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ အရင်းအမြစ်မှာ (၁၈၂၄-၁၉၄၈
ဗြိတိသျှနှင့် ၁၉၄၂-၁၉၄၅ ဂျပန်)တို့၏ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရခြင်းနှင့် လွတ်လပ်ရေးရပြီးနောက်
ပိုင်းကတည်းက ကြုံလာခဲ့ရသော မြန်မာနိုင်ငံ၏ လူမျိုးရေး၊ တိုင်းရင်းသားရေးဆိုင်ရာ ဆက်ဆံရေးနှင့် အားလုံး
ပါဝင်သည့် စီမံအုပ်ချုပ်မှုနိုင်ငံရေးပြဿနာပင်ဖြစ်သည်။ ပဋိပက္ခအတွင်း ပါဝင်ခဲ့ကြသည့် နှစ်ဖက်အုပ်စုတို့၏
မိမိတို့ကိုယ်ပိုင်စရိုက်လက္ခဏာ (Identity) နှင့် တရားမျှတမှု (Justice) အသီးသီးအတွက် ရုန်းကန်ကြိုးစားမှုကို
ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ နာကြည်းကြေကွဲမှုများ ရှိခဲ့သည်။ သို့စေကာမူ နာကျင်ဖွယ်ရာဖြစ်မည့် ခါးသီးသော
ပကတိအမှန်တရားတစ်ခုကိုလည်း နောက်ထပ်ရင်ဆိုင်ကြရပေဦးမည်။ ယင်းမှာ ယခုပဋိပက္ခ ပိုမိုပျံ့နှံ့သွားသည်
နှင့်အမျှ ပို၍ကြီးမားသော ဒေသတွင်းဆူပူအကြမ်းဖက်မှုများကိုပင် ဖြစ်ပွားစေနိုင်သည့်အခြေအနေအထိ ရောက်
ရှိသွားနိုင်လိမ့်မည်ဟုဆိုလျှင် မှားမည်မထင်ပါ။ ဤအနေအထားသည် မြန်မာတစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်စေမည့်
အနေအထားထိ ရောက်ရှိသွားစေနိုင်ပြီး တစ်နိုင်ငံလုံးနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ကောင်းကြုံရနိုင်သည်။
ယခုလက်ရှိအခြေအနေသည် မည်သို့ပင်ခက်ခဲပြီး စဉ်းစားရကျပ်တည်းသော အခြေအနေမျိုး ဖြစ်နေစေကာမူ
အသိုင်းအ၀ိုင်းနှစ်ဖက်စလုံးက လုပ်ရိုးလုပ်စဉ်ကြိုးပမ်းဆောင်ရွက်မှုများမှ လုံးဝရှောင်ဖယ်ကြရမည်ဖြစ်ပြီး မတူကွဲ
ပြားသည့် ချဉ်းကပ်မှုပုံစံတစ်မျိုးနှင့် အဖြေရှာကြရပေလိမ့်မည်။ ရခိုင်ပြည်နယ်၏ ရေရှည်အနာဂတ် ပုံမှန်အနေအထား
မည်သို့မည်ပုံဖြစ်လာနိုင်မည်နည်း။ ထိုကဲ့သို့ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာစေရန် ခိုင်မာတိကျသော
ဆောင်ရွက်မှုမျိုးကို မည်သို့ပူးပေါင်းအဖြေရှာကြမည်နည်းဆိုသည်မှာ မေးခွန်းအဖြစ်ကျန်ရှိနေဆဲ။
၂၀၁၃ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်အပါအ၀င် ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများသို့ ရောက်ရှိခဲ့စဉ် ပဋိပက္ခ၏
နှစ်ဖက်စလုံးမှ ခေါင်းဆောင်များအား ထိုမေးခွန်းများ မေးမြန်းခဲ့ပါသည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊
မြန်မာနိုင်ငံအစိုးရဌာနများနှင့် အခြားနိုင်ငံတကာအစိုးရကိုယ်စားပြုသူများ၊ ဘာသာရေးဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ
အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ (အမျိုးသမီးများနှင့် လူငယ်များ)၊ မီဒီယာလုပ်ငန်းဌာနမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊
သင်တန်းဆရာများနှင့် ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများ ပါဝင်
ခဲ့ကြသည်။ ဤဆောင်းပါးတွင် အကြံပြုဖော်ပြအပ်သည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်များသည် ထိုအင်တာဗျူးများ၊
အုပ်စုဆွေးနွေးမှုများနှင့် အလုပ်ရုံဆွေးနွေးမှုများမှတစ်ဆင့် အခြေခံ၍ ရရှိလာသည့် တွန်းအားရလဒ်များပင်ဖြစ်သည်။
ဤဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ၁။ လုံခြုံရေးဆိုင်ရာ ရေတိုစီမံဆောင်ရွက်မှု ၂။ ရေလတ်နှင့် ရေရှည်နိုင်ငံသားဖြစ်မှု
ဆိုင်ရာ အကျပ်အတည်းကို အကောင်အထည်ဖော်စီမံဆောင်ရွက်မှု ၃။ ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်ဖွံ့ဖြိုးတိုး
တက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည် စီမံဆောင်ရွက်မှုဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားတင်ပြထားသည်။ ဤသည်တို့မှာ
အကြံပြုတင်ပြမှု သက်သက်မျှဖြစ်သော်လည်း ရခိုင်ပြည်နယ်၏ အနာဂတ်နှင့် မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် ဒေသ
အသိုင်းအ၀ိုင်းများ အချင်းချင်း ယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်မှုတို့အတွက် အသွင်တစ်မျိုးဆောင်သည့် မူဝါဒရေးဆိုင်ရာ
နှင့် ပြည်သူ့ရေးရာ အစပြုဆွေးနွေးပွဲများကို ဖြစ်စေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
လုံခြုံရေးဆိုင်ရာရေတိုစီမံဆောင်ရွက်မှု ဖြစ်လာနိုင်ဖွယ်ရှိသည့် နောက်ဆက်တွဲတိုက်ခိုက်မှုများအား နှစ်ဖက်စလုံးမှ
ကြောက်ရွံ့စိုးရိမ်စိတ်များ လွှမ်းမိုးလျက်ရှိ နေကြဆဲဖြစ်သည့်အလျောက် ပေါက်တော၊ မြေပုံ၊ စစ်တွေမြို့ (သ၀င်ချောင်း)
တို့ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိကြသော မွတ်ဆလင်များနှင့် အများစုဖြစ်သော ရခိုင်လူမျိုးတို့အကြား ယာယီသီး
ခြားနေရာချထားမှုအစီအစဉ်တစ်ခု လိုအပ်သည်။ သို့ရာတွင် အသိုင်းအ၀ိုင်းနှစ်ခုအကြား လိုအပ်ကောင်းလိုအပ်လာနိုင်သည့်
ပတ်သက်ဆက်နွှယ်မှုမျိုးကို လုံးဝပိတ်ဆို့မှုသဖွယ် ဖြစ်စေနိုင်သည့် အဟန့်အတားပုံစံမျိုးများအား ရှောင်ရှားရန်လိုအပ်ပြီး
ဤယာယီ သီးခြားနေရာချထားမှုအစီအစဉ်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားနိုင်ရန် (သို့မဟုတ်) တိုးမြှင့်ဆောင်ရွက်သွားစေနိုင်ရန်
လက်ရှိအခြေအနေကို မပြတ်လေ့လာစောင့်ကြည့်မှုကို အခြေခံသည့် စနစ်ကျသော အစီအစဉ်တစ်ခုထားရှိရန် လိုအပ်သည်။
နိုင်ငံသားပြုခြင်းဆိုင်ရာ အကျပ်အတည်းကိစ္စရပ်အတွက် ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု
မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း နှစ်ရှည်ငြိမ်းချမ်းရေးစီမံဆောင်ရွက်မှု လုပ်ငန်းစဉ်အား အာဆီယံ (သို့) ၎င်းအဖွဲ့
ဝင်နိုင်ငံအချို့ (အင်ဒိုနီးရှားနိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်သည်)မှ ကူညီပံ့ပိုးပေးရန် လိုအပ်လေသည်။ ၂၀၁၄ မြန်မာနိုင်ငံ အာဆီယံ
ဥက္ကဋ္ဌသက်တမ်းအတွင်း နှစ်ဖက်အသိုင်းအ၀ိုင်း ညှိနှိုင်းဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဖန်တီး
ပေးခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ကုလသမဂ္ဂ၊ အစ္စလာမ်မစ်နိုင်ငံများအသင်းနှင့်
အခြားပါဝင်ပတ်သက်သူများ အသီးသီးပါဝင်သည့် နိုင်ငံတကာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခု စတင်ခြင်းဖြင့်
ယခုတင်ပြအကြံပြုအပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကျိုးပြုနိုင်မည်ဖြစ်သည်။
ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ၏ အသိုင်း
အ၀ိုင်းနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် အဓိကကိစ္စရပ်များနှင့် ကျယ်ပြန့်လာသော နောက်ဆက်တွဲပြဿနာများကို တိကျ
သောအချိန်ကာလ အကန့်အသတ်အတွင်း ဖြေရှင်းစေနိုင်ရန်၊ နည်းပညာပိုင်းနှင့် စီးပွားရေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန်၊
ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် နေထိုင်
လျက်ရှိကြသော မွတ်ဆလင်လူဦးရေကို စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရင်ဆိုင်ရသော အခက်အခဲများကို ဖြေရှင်းရာတွင်
သင့်တင့်လျောက်ပတ်သော နိုင်ငံတကာ၏ အကူအညီကို ကြိုဆိုလိုသည့် ပြည်ထောင်စုအစိုးရ၏ ဆန္ဒနှင့်လည်း လိုက်လျောညီ
ထွေမှုရှိပါသည်။ ပဋိပက္ခနှင့်ပတ်သက်သည့် နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စရပ်ကိုမူ နိုင်ငံတော်အစိုးရ၏ သဘောထားဆန္ဒမပါဘဲ
ကြားနေသူအဖြစ်ဖြင့်သော်လည်းကောင်း၊ ညှိနှိုင်းဝင်ရောက်ဆောင်ရွက်သူအဖြစ်ဖြင့်သော်လည်းကောင်း လုံး၀၀င်ရောက်စွက်ဖက်
ကိုင်တွယ်ဖြေရှင်းခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားရမည်။
ယခုအကြံပြုတင်ပြအပ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့်အတူ လက်တွဲပူးပေါင်းလျက် ပြည်ထောင်စုအဆင့်
အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူဦးရေအတွက် တရားဝင်မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မည့်
နိုင်ငံတကာစံနှုန်းများကို အခြေခံသည့် အနေအထားတစ်ခုကို သတ်မှတ်ကြီးကြပ်ဆောင်ရွက်ကြရမည်။ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့်
နိုင်ငံသားပြုခွင့်ရသူဟူ၍ သတ်မှတ်ခွဲခြားပါရှိသည့် မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဥပဒေသည် ထိုသို့ဆက်လက်ဆောင်ရွက်ရန်
မူဘောင်ကောင်းတစ်ခုပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အားလုံးပါဝင်မှုရှိသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု
မျှော်မှန်းချက်များကို ထင်ဟပ်စေရန် အရေးကြီးသည်။ ဤသို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ သတ်မှတ်ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ်ရှိ
မွတ်ဆလင်အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များ၏ ပါဝင်ဆွေးနွေးမှုသည်လည်း ၎င်းတို့၏ လက်ခံနိုင်မှုနှင့် ရေရှည်အတွက် များစွာအ
ကျိုးရှိလှမည်ဖြစ်သည်။ ဤလုပ်ငန်းဖြစ်စဉ်တစ်လျှောက်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအား လိုအပ်သည့်
လုပ်ပိုင်ခွင့်နှင့် အရင်းမြစ်များကို သုံးစွဲပိုင်ခွင့်ပေးခြင်းဖြင့် များစွာအကျိုးရှိစေမည်။ ဤဖြစ်စဉ်အားလုံး၏ အနာဂတ်အကျိုးဆက်များကို
ရေရှည်တွင် ကြုံတွေ့ရင်ဆိုင်ရမည်မှာ ဒေသခံအစိုးရပင်ဖြစ်သည် မဟုတ်ပါလော။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၀၂-၂၀၀၉ တန်ဇနီးယားနိုင်ငံ (Tanzania) မှ
ဘူရန်ဒီယန်(Burundian) စစ်ပြေးဒုက္ခသည်များကို ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှ သင်ယူရရှိခဲ့သည့် နိုင်ငံတကာအတွေ့အကြုံအရ
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်အသိုင်းအ၀ိုင်း နိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မှုအား ဆုံးဖြတ်သတ်မှတ်ရန်အတွက် တိကျသောအချိန်
ကာလတစ်ခု သတ်မှတ်ရေးဆွဲရမည်။ အချိန်ကာလအတိအကျတစ်ခုကို ဖော်ပြသတ်မှတ်ထားရှိရမည်ဖြစ်ပြီး ဤကာလအတွင်းတွင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာမှုမရှိစေရန် အထူးစီမံဆောင်ရွက်ရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်ကို ကောင်းစွာ
ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံ (သို့) အခြားနိုင်ငံတကာပူးပေါင်းမှုအစီအစဉ်များမှတစ်ဆင့် နည်းပညာပံ့ပိုး
ကူညီမှုများရယူရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။
အကြံပြုတင်ပြအပ်သော လူဦးရေစိစစ်ကောက်ယူမှုနှင့် နယ်စပ်ဒေသ အထူးထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို
ဆောင်ရွက်ရန် ယခင်နယ်စပ်ဒေသကာကွယ်ရေး နစက (၂၀၁၃ ဇူလိုင်လ ဖျက်သိမ်း) ၀န်ထမ်းဟောင်းများအား လူမှုဆက်ဆံရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချပေးခြင်းဖြင့် နစက၏ ပြည်သူ့ယုံကြည်မှုများ ပြန်လည်ရရှိလာအောင် ဆောင်
ရွက်နိုင်သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း (အစ္စရေး-ပါလက်စတိုင်း) နှင့် (ပီရူး-အီကွေဒေါ) ညွန့်ပေါင်းတပ်များ သက်ဆိုင်ရာ
အငြင်းပွားနယ်စပ်တစ်လျှောက် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သကဲ့သို့ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များပါဝင်သည့်
အရည်အချင်းပြည့်ဝသည့် နယ်စပ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စဉ်းစားသင့်သည်။
ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ အဆိုပါဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အခြားသော
သက်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတို့တွင် လိုအပ်ပါက ၎င်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု
ကို ရယူနိုင်သည်။ ရခိုင်ပြည်နယ်အတွင်း ကန့်သတ်နေရာများရှိ မွတ်ဆလင်အသိုင်းအ၀ိုင်းနှင့် ယဉ်ကျေးမှုအရသော်လည်းကောင်း၊
ဘာသာရေးအရသော်လည်းကောင်း ဆက်နွှယ်မှုရှိနိုင်သည့် ခိုင်မာသည့် ဒေသတွင်း အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံ (သို့)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုခုကို ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူဦးရေစိစစ်ကောက်ခံရာတွင် လူဝင်မှု
ကြီးကြပ်ရေးမှ ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ပေမည်။ စိတ်ချယုံကြည်မှုရှိသော စစ်တမ်း
ကောက်ယူမှုအဖြစ် ပံ့ပိုးပေးနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ အာဆီယံနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့်
မလေးရှားနိုင်ငံ (သို့) ဂျပန်နှင့် ကိုရီးယားတို့၏အဖွဲ့သားများ ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်သည်။
နိုင်ငံသားဖြစ်ခွင့်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး၊
စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု၊ လွတ်လပ်စွာ
ဟောပြောစည်းရုံးနိုင်မှုနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု အခွင့်အရေးများပင်ဖြစ်သည်။ နိုင်ငံသားအဖြစ် ခံယူခွင့်
မရရှိသူများ၏ အနာဂတ်အတွက် ရှင်းလင်းသေချာသော အစီအစဉ်တစ်ခုထားရှိရမည်။ ဥပမာအားဖြင့် နိုင်ငံခြားသားများဆိုင်ရာ
မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားခြင်း၊ ငွေကြေးအထောက်အပံ့အကူအညီတို့နှင့်အတူ တတိယနိုင်ငံတစ်ခုတွင် အခြေချနေ
ထိုင်နိုင်ရေး စသည်တို့ပင်ဖြစ်သည်။
ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု
နိုင်ငံသားဖြစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိစဉ်တွင် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုကိုလည်း
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အဖွဲ့၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ တစ်ပြိုင်နက်တည်း
စနစ်တကျအသေအချာပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသ၏ မိသားစုဝင်ငွေမြှင့်တင်
မှုကို အလေးပေးဆောင်ရွက်ရန် အရေးကြီးသည်။ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ အသေးစားစီးပွားရေး၊ မူလတန်းအဆင့်ပညာရေး၊
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့နှင့်အတူ အခြေခံအဆောက်အအုံ (လမ်းများ၊ သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုအတွက်
အရေးကြီးသည့် ဆိပ်ကမ်းများအပါအ၀င်)တို့မှာ အဓိကဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်သည်။ ရပ်ရွာလူထုအခြေပြု
သမ၀ါယမနှင့် အသေးစားချေးငွေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တစ်ခု (“ကနဦး သက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးမှု” ဟူ၍
ရပ်ရွာလူထု ကိုယ်တိုင်စီမံခန့်ခွဲမှုမျိုးပုံစံ) ရှိခြင်းဖြင့် အကျိုးရှိစေပါလိမ့်မည်။ ဒေသခံများ၏ လိုလားမှုဆန္ဒကို အထူးဦးစားပေး၍
ဖြစ်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းဆိုင်ရာ နှစ်ဖက်ကူးလူးဆက်ဆံမှုကို ဖန်တီးပေးနိုင်မည့် ၀င်ငွေလည်ပတ်မှုဆိုင်ရာလုပ်ငန်း
များကို ထည့်သွင်းစဉ်းစားသင့်သည်။
ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နည်းပညာပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် အသိုင်း
အ၀ိုင်းတစ်ဖက်ဖက်မှ (သို့မဟုတ်) နှစ်ဖက်စလုံး၏ ယုံကြည်လေးစားမှုရှိသည့် ဘာသာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တို့မှ
တောင်အာရှနှင့် အရှေ့အလယ်ပိုင်းနှစ်ခုစလုံးတွင် အခြေစိုက်နေသော Rohigya Solidarity Organization (RSO) ကွန်ယက်များ၏
ခေါင်းဆောင်မှုပိုင်းနှင့် သြဇာလွှမ်းမိုးမှုရှိသော ဘုန်းတော်ကြီးများနှင့် အများစုလက်ခံကျင့်သုံးသည့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်တည်မှု
လက္ခဏာရပ်ကို တက်တက်ကြွကြွကာကွယ်ရန် တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်နေကြသည့် အများကြည်ညိုလေးစားသော
ဗုဒ္ဓဘာသာ လောကီခေါင်းဆောင်များအား အဆက်အသွယ်ပြုလုပ်နိုင်မည့် နည်းလမ်းတစ်သွယ်ကို ရှာဖွေရန်လိုအပ်နေသည်။
နှစ်ဖက်စလုံးမှ ပါဝင်ပတ်သက်နေကြသော ယင်းအထောက်အကူပြုအဖွဲ့များမှ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်ပိုင်း
ဆိုင်ရာပံ့ပိုးမှုများအစား ရခိုင်ပြည်နယ်ရှိ ၀င်ငွေနိမ့် အိမ်ထောင်စုများအား နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများအတွင်းသို့
ကျရောက်စေသည့် စီးပွားရေးနိမ့်ကျမှုနှင့် လူမှုရေးမမျှတမှုတို့ကို ဖြစ်စေသည့် အဓိကအကြောင်းခြင်းရာများပေါ်တွင် ပြန်လည်အလေး
ထား အာရုံပြုကြရမည်။
ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖွဲ့တို့ ပူးပေါင်း၍ နှစ်ဖက်စလုံးမှ
ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေးကို ကူညီထောက်ပံ့ရန် လိုအပ်သည်။ ဘက်စုံအ
သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးခြင်း ဖြစ်ပေါ်လာမည့် မြေယာနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြေရှင်း
ပေးခြင်းတို့ကို ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်၏ အစပိုင်းလုပ်ငန်းစဉ်များအဖြစ်ဖြင့် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ရမည်။
ပြည်သူလူထုအားလုံးအတွက် လုံခြုံစိတ်ချမှု၊ စိတ်သက်သာရာရမှု၊ နွေးထွေးပျူငှာမှုရှိသည့် လူမှုပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးစေ
နိုင်ရန်အလို့ငှာ တွေ့ဆုံစုရုံးမှုများကို ကောင်းစွာပြုလုပ် ဖန်တီးပေးရန်လိုအပ်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များ၊ ပူဆွေးသောကများ၊
ကြောက်စိတ်စွဲကတ်မှုများအား ဖြေလျော့ကုသနည်း အတွေ့အကြုံများကို ၎င်းအစည်းအဝေးများတွင် မျှဝေပေးခြင်းတို့ကို ပြုလုပ်
နိုင်သည်။ ယခုလောလောဆယ်တွင် အိပ်မက်ဆိုးများနှင့်အတူ ကြောင့်ကြစိုးရိမ်ပူပန်မှုများကို ခံစားနေရသည့် သာမန်ပြည်သူများ
အတွက် အထူးလိုအပ်လှသည့် လူမှုစိတ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့များအတွက် စနစ်ကျသော လုပ်ထုံးလုပ်နည်းများ
မတွေ့ရှိရသလို ယင်းသို့ ဆောင်ရွက်စီစဉ်မှုများ လိုအပ်သည်ဟူသည့် အသိအမြင်များလည်း လစ်ဟာလျက်ရှိနေသည်ကို တွေ့ရသည်။
နှစ်ဖက်စလုံး၏အကျိုးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတို့အတွက် အထောက်အကူပြုစေမည့် သာမန်တွေ့ဆုံစုရုံးမှုများကို ဖန်တီးပြုလုပ်ပေးရာတွင်
အမျိုးသမီးများ၊ လူငယ်များအပါအ၀င် အတွေ့အကြုံရှိသော ဘာသာရေးနှင့် လူမှုအသိုင်းအ၀ိုင်း ဒေသခံခေါင်းဆောင်များက အရေးကြီး
သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည်။ ထိုသို့ ကူညီဆောင်ရွက်ပေးရာတွင် စိတ်ပိုင်းဆိုင်ရာကုသပေးခြင်းပညာရပ်ကို ကျွမ်းကျင်စွာ
တတ်မြောက်ရန် မလိုအပ်သည့် ရိုးစင်းသော လမ်းညွှန်မှုများ အသုံးပြုနိုင်သည်။
တင်းမာမှုအခြေအနေ အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်နှင့်အညီ ယုံကြည်လေးစားမှုရှိသည့် နှစ်ဖက်ခေါင်းဆောင်များ
ဦးဆောင်မှုပြု၍ ပြန်လည်သင့်မြတ်မှု၊ ညှိနှိုင်းအဖြေရှာမှုနှင့် နှစ်ဖက်လက်ခံအသိအမှတ်ပြုနိုင်မည့် နည်းလမ်းများ ဖော်ထုတ်စေနိုင်ရန်
ဒေသခံများ၏ ဆန္ဒအလျောက် နှစ်ဖက်အသိုင်းအ၀ိုင်းအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ၊ ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်မှုများ ပြုလုပ်
ပေးခြင်းဖြင့် အကျိုးရှိစေမည်။ အရှေ့တီမော၊ ရ၀မ်ဒါနှင့် တောင်အာဖရိကနိုင်ငံများတွင် ကျင့်သုံးခဲ့သော ဒေသခံလူထု၏ လုပ်ဆောင်ချက်
သာဓကများသည် မြန်မာနိုင်ငံ၏ တစ်မူထူးခြားသောသမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအနေအထားအတွက် အသင့်လျော်ဆုံးဖြစ်
စေမည့် နည်းလမ်းအခြေခံများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အခြေခံများပင်ဖြစ်သည်။ ပိုင်းခြားလျက်ရှိသော နှစ်ဖက်အသိုင်းအ၀ိုင်းအ
တွက် တိကျခိုင်မာသော နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် အရေးပေါ်လိုအပ်လျက်ရှိသောကြောင့် အထက်တွင်ဖော်ပြခဲ့သော ဆောင်ရွက်မှုလုပ်
ငန်းစဉ်များ သေချာစွာညှိနှိုင်းဆွေးနွေးမှုပြုရန်နှင့် ပြန်လည်သုံးသပ်ရန် လိုအပ်သော်လည်း ဤအကြံပြုတင်ပြချက်၏ ခိုင်မာပြီးအပြုသ
ဘောဆောင်သည့် အခြေခံမျှော်မှန်းချက်ကို အလေးအနက်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မျှဝေရမည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တည်ထောင်ခဲ့သည့် အာဆီယံငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့
ရေးအင်စတီကျု့ဒ် (ASEAN Institute for Peace and Reconciliation)သည် မူဝါဒရေးဆိုင်ရာ သက်ရောက်မှုရှိစေရန်အတွက် ဤဖော်ပြပါ
လုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာခြင်း၊ ထပ်မံအားဖြည့်ခြင်းတို့ပြုလုပ်ရာ၌ အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်မည်ဖြစ်သည်။
(ဒေါက်တာအရိုင်သည် အမေရိကန်ပြည်ထောင်စု George Mason University, School for International Training (SIT) Graduate
Institute & Fellow, Center for Peacemaking Practice, School for Conflict Analysis and Resolution (S-CAR) ၌ Peacebuilding
and Conflict Transformation ဘာသာရပ်၌ တွဲဖက်ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသည်။ စာဖတ်သူများ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်
ဖော်ပြခြင်းသာဖြစ်ပြီး ဆောင်းပါးပါအကြောင်းအရာမှာ စာရေးသူ၏အာဘော်သာဖြစ်သည်)
7Day News Journal မှ...