အခုတစ်ခါ အိုင်ပက် (iPad) အသုံးပြုတဲ့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။
အိုင်ပက် (iPad) အသုံးပြုပုံကို ဖော်ပြချင်တာ ကြာလှပါပြီ။
သို့သော် စိတ်ကူးရုံ သက်သက်လေး။ စိတ်ကူးကို အကောင်အထည် မဖော်နိုင်သေး။
မဖော်နိုင်တဲ့ အကြောင်းကလည်း အများကြီးလေ။
အိုင်ပက် (iPad) ကို သုံးတဲ့လူ နည်းနေတာကြောင့်ရယ်။ သုံးနေကြတဲ့ အနည်းငယ်သော သူတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်းကို ဖတ်ပြီး သုံးနိုင်ကြတာရယ်ကြောင့်ပါ။
အဲလို ခပ်ဆိတ်မ နေလာခဲ့တာ…။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မိတ်ဆွေတစ်ဦးက နယူးအိုင်ပက်
(The New iPad) ကို ၀ယ်သုံးတယ်။ သင်ပုန်း (Tablet) တစ်မျိုးမျိုးကို ၀ယ်သုံးဖို့ သူ
စိတ်ကူးနေတာ ကြာလှပြီ။ ဒါပေမယ့် ဘာဝယ်ရမှန်း မသိဘူး။ အိုင်ပက်က ကောင်းနိုးနိုး၊
ဆမ်ဆောင်းကပဲ ဟိုလိုလိုနဲ့ပေါ့။ နောက်ဆုံးတော့ အိုင်ပက် ကောင်းတယ်လို့ ဘယ်သူကများ ညွှန်းသလဲတော့ မသိပါ။ စာရေးသူရဲ့
ဘလော့ထဲက အိုင်ပက်အကြောင်းကို သူ ဖတ်ဖြစ်ချင်လည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ၀ယ်လိုက်ပါပြီ။ မျောက် အုန်းသီး ရသလို ဟိုပြေးဒီလွှား နေရသလားတော့
မပြောတတ်ပါ။ အိုင်ပက် ရရချင်း စာရေးသူဆီ လှမ်းဆက်သွယ်လာတယ်။ အိုင်ပက်အကြောင်းနဲ့
ပတ်သက်ပြီး မေးလိုက်တာများ တပုံတစ်ခါကြီး။ စာရေးသူကလည်း တတ်သမျှ မှတ်မိသလောက် ဖောက်သည်ချပေးပါတယ်။
အဲ…အဲမိတ်ဆွေက အင်္ဂလိပ်စာကို တီးမိခေါက်မိရုံလေးပါ။ သူ့လိုပဲ အင်္ဂလိပ်စာ သိပ်မကျွမ်းကျင်တဲ့ အိုင်ပက်သုံးသမား မြန်မာပြည်မှာ အများကြီး ရှိတယ်တဲ့။ သူ သိတဲ့ အိုင်ပက်သုံး လူတွေလည်း
တပုံကြီး၊ ဆယ်ဂဏန်းချီ ရှိတယ်လို့ ပြောတယ်။ လမ်းညွှန်းကို မဖတ်တတ်
ဖတ်တတ်နဲ့ လမ်းညွှန်းချက်အတိုင်း လိုက်လုပ်တာ တလွဲချည်းပဲတဲ့။ အမြဲတန်းလိုလို အိုင်ပက် အရောင်းဆိုင်တွေနဲ့ နှစ်ပါးသွားနေရသတဲ့။
စာရေးသူကိုလည်း အွန်လိုင်းမှာ ဆုံဖြစ်မှ မေးရမြန်းရတယ်ဆိုတော့ မဆုံဖြစ်တဲ့အခါ အဆင်မပြေဘူး။ ဒါကြောင့် အိုင်ပက် သုံးပုံ သုံးနည်း မြန်မာလို ရေးထားတဲ့ ၀က်ဆိုက်တွေ ရှိရင်
ညွှန်းစမ်းပါဦး၊ စာရေးသူကိုလည်း သူ့ကို ရှင်းပြသလို အခြားသူတွေကို ထပ်ရှင်းစရာ မလိုအောင် အိုင်ပက်အကြောင်း ရေးတင်ပါဦးလို့ တောင်းဆိုတယ်။ ဒီလို အကြောင်းလေးတွေကြောင့် ကောက်ကာငင်ကာ အိုင်ပက် အသုံးပြုနည်းကို တင်လိုက်ပါတယ်။
အိုင်ပက် အသုံးပြုနည်း (အပိုင်း-၁) မှာ အိုင်ပက်ရဲ့ မူလမျက်နှာ (စကရင်း) ထိပ်ဆုံးပိုင်း ဘားတန်း တစ်လျှောက်မှာ ရှိနေတဲ့ လုပ်ဆောင်ချက် (Functions) များကိုပဲ ဦးစွာ တင်ပြပါမယ်။
နောက်ကျမှ အခွင့်သင့် အခါသင့် အပိုင်း-၂၊ အပိုင်း-၃ တို့ကို ဆက်လက်ပြီး
ဖော်ပြပါမယ်။ (အမှာ= အိုင်ပက်အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြထားပေမယ့် အိုင်ဖုန်း (iPhone) အိုင်ပေါ့တ် တပ်ဂ်ျ (iPod Toch) တို့မှာလည်း အသုံးပြုလို့ ရပါတယ်။
အသုံးပြုနိုင်ခြင်း အကြောင်းရင်းက iPad, iPhone, iPod Touch သုံးခုလုံးဟာ စက်လည်ပတ်မှုစနစ် တစ်မျိုးထဲ တစ်ပုံစံထဲကြောင့်ပါ။)
အိုင်ပက်ရဲ့ မူလမျက်နှာလို့ခေါ်တဲ့ ဟုမ်း-စကရင်းပေါ်က အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ
1. Home (ဟုမ်း-ခလုတ်)
Home (ဟုမ်း-ခလုတ်) ကို မူလစာမျက်နှာလို့ ပြောရင် ပိုသင့်တော်မယ် ထင်တယ်။
ဘာဖြစ်လဲဆိုတော့ ဘယ်မျက်နှာကိုပဲ ဖွင့်ထားဖွင့်ထား ပြန်ဖျောက်ချင်လို့ပဲ
ဖြစ်ဖြစ်၊ ပြန်ပိတ်ချင်လို့ပဲ ဖြစ်ဖြစ် ဒီ Home (ဟုမ်း-ခလုတ်) ကိုသာ နှိပ်လိုက်ပါ။
အဲဒီအခါကျရင် မူလစာမျက်နှာကိုပဲ ပြန်ရောက်သွားမှာမို့လို့ပါ။
Home (ဟုမ်း-ခလုတ်) ကို သွားပြီးနှိပ်စရာ မလိုဘဲနဲ့ မူလမျက်နှာကို ပြန်ရောက်သွားတဲ့ နည်းလမ်းကလည်း ရှိသေးတယ်။ အဲဒါက- လက်ရှိ ဖွင့်ထားတဲ့ မျက်နှာ
(Tab) ပေါ်ကို လက်ငါးချောင်းလုံးကို စကရင်းပေါ် ဖြန့်တင်လိုက်ပါ။ ပြီးရင
် လက်ငါးချောင်းလုံးကို အတွင်းဘက်သို့ ဆွဲစိ (ဆွဲစု) လိုက်ပါ။ ဒါဆိုရင် လက်ရှိ ဖွင့်ထားတဲ့
မျက်နှာ (Tab) က ပျောက်သွားပြီး မူလမျက်နှာ အဖွင့်-စကရင်းသို့ ပြန်ရောက်သွားမယ်။
ဒီနည်းက Home (ဟုမ်း-ခလုတ်) ကို ချွေတာတဲ့ သုံးနည်းလည်း ခေါ်တယ်။ Home (ဟုမ်း-ခလုတ်)
ကို အမြဲတန်း နှိပ်နေရင် ခလုတ် ပျက်သွားမှာကို ကြောက်တဲ့သူတွေအတွက် ဒီနောက်နည်းကို သုံးပါ။
2. Airplane mode (လေယာဉ်-စနစ်)
Airplane mode (လေယာဉ်-စနစ်) ဆိုတာ လေယာဉ်ပျံ ပုံစံဖော်ထားတဲ့ စကရင်းအတွင်းက
အွန်/အော့ပ် (On/ Off) ခလုတ်ပါ။ ဒီခလုတ်ကို အွန်-ထားရင် (ဖွင့်ထားရင်)
ချိတ်ဆက်ထားတဲ့ အင်တာနက် ကွန်နက်ရှင်းတို့၊ ဘလူးတု(တ်) စနစ်တို့ အလုပ် မလုပ်တော့ပါ။
ဝိုင်ဖိုင် (Wi-Fi) နဲ့ ပတ်သက်တဲ့ ကွန်ယက်အားလုံးကို ပြတ်တောက်လိုက်တာပါ။
ကွန်ပျူတာမှာ တို့တစ်တွေ သုံးနေကျ Stand by, Sleep စနစ်တို့နဲ့ ချွတ်စွတ်ပဲ။
လေယာဉ်နဲ့ ခရီးသွားရတဲ့အခါ လေယာဉ်ပေါ် ဖုန်း/သင်ပုန်းတွေကို အသုံးပြုခွင့် မပေးပါ။ ထိုအခါ ဖုန်း/သင်ပုန်းကို ပါဝါ-ပိတ်နေရရင် ကြန့်ကြာတတ်တယ်။
လေယာဉ်ပေါ်က အဆင်း ဖုန်း/သင်ပုန်းကို ပြန်ဖွင့်တဲ့အခါမှာလည်း ပြန်ပွင့်လာဖို့
စောင့်ရတာလည်း နည်းနည်းတော့ ကြာတယ်မဟုတ်လား။
ဒါကြေည့်လည်း ပါဝါကို ဖွင့် / ပိတ် လုပ်နေရမယ့်အစား Airplane mode (လေယာဉ်-စနစ်) ကိုသာ ရွေးနှိပ်လိုက်ပါ။
ဒါဆိုရင် ပါဝါအဖွင့် / အပိတ်အတွက် အချိန်ကုန် သက်သာတယ်။
ကားနဲ့ ခရီးဝေး သွားရမယ့် အချိန်မှာလည်း Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် ဘက္ထရီ အားကုန် သက်သာတယ်။
ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က တာဝါတိုင်တွေရဲ့ ဆွဲအားနဲ့ အိုင်ပက်ထဲက ဆက်သွယ်ရေးစနစ်တို့က အော်တိုမတစ် ချိတ်ဆက်နေကြတယ်။
ဒီ Airplane mode နဲ့သာ ပိတ်မထားရင် ဘက္ထရီအား ဆွဲစားသွားမယ်။ ဘက္ထရီအား ချွေတာလိုတဲ့အခါ ဒီမုဒ်ကိုသာ ဖွင့် (On) လိုက်ပါ။
အိုင်ပက်ရဲ့ နောက်ကျောနဲ့ ဘေးနှစ်ဘက်ရှိ အခေါ်အဝေါ်နဲ့ လုပ်ဆောင်ချက်များ
Airplane mode (လေယာဉ်-စနစ်) ကို အွန်-ထားရင် အောက်ပါ အချက်အလက်များ အသုံးပြုလို့ မရပါ-
၁။ အီးမေးလ် ပေးပို့ခြင်း၊ လက်ခံခြင်း။
၂။ အင်တာနက် ဘရောက်ဆာကို ဖွင့်ခြင်း။
၃။ ဖုန်းနံပါတ်၊ အီးမေးလ် အကောင့်၊ ပြက္ကဒိန်တွေကို စင်းခရိုနိုက် (သိမ်းဆည်း) ခြင်း။
၎။ ယူတျုစ် (Youtube) ကနေ ဗီဒီယို တင်ခြင်း၊ ဖွင့်ကြည့်ခြင်း။
၅။ ရာသီဥတု သတင်းအချက်အလက်။
၆။ မြေပုံစနစ်။
၇။ အပ်ပ်စတိုး (Apps Store) ကို ဖွင့်ခြင်း။
၈။ အင်တာနက်ကနေ ပေးထားတဲ့ ဂိမ်းတွေကို ဆော့ကစားခြင်း-တို့ ဖြစ်တယ်။
3. 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီစနစ်)
အိုင်ပက်ရဲ့ စကရင်း ထိပ်ဆုံးပိုင်းမှာ ပြသပေးနေတဲ့ 3G/4G (သရီး-ဂျီ/ ဖိုး-ဂျီ) သင်္ကေတဟာ
တို့တစ်တွေ အသုံးပြုနေတဲ့ ဖုန်းဆင်းကဒ်ရဲ့ လုပ်ဆောင်မှုစနစ်ကို ပြသပေးတယ်။ ၀ိုင်ဖိုင်
(Wi-Fi) သက်သက် သရီး-ဂျီ (3G) ဖိုး-ဂျီစနစ် (4G) မပါတဲ့ အိုင်ပက်မှာတော့
ဒီစနစ် ပါဝင်မှာ မဟုတ်ပါ။
ထပ်ရှင်းရရင်- အိုင်ပက် (iPad) တိုင်းမှာ အမျိုးအစား ၂-မျိုး ကွဲပြားတယ်။
၁။ ၀ိုင်ဖိုင် (Wi-Fi) သက်သက်ရယ်၊
၂။ ၀ိုင်ဖိုင်+သရီး-ဂျီ (အိုင်ပက်တူး အတွက်) ၀ိုင်ဖိုင်+ဖိုး-ဂျီ (အိုင်ပက်-သရီး အတွက်)
ဆိုပြီး ခွဲထားတယ်။ အဲဒီ ၂-မျိုးကိုသာ သိုလှောင်နိုင်တဲ့ ပမာဏ ၁၆-ဂျီဘီ၊
၃၂-ဂျီဘီနှင့် ၆၄-ဂျီဘီ ဆိုပြီး ၃-မျိုးစီ ပြန်ကွာဟသွားတယ်။
(အိုင်ပက် အမျိုးအစားပေါင်း ၆-မျိုး ကွဲသွားတာပေါ့)အခုဖော်ပြတဲ့ 3G/4G
(သရီး-ဂျီ/ ဖိုး-ဂျီစနစ်) ကိုတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ WiFi+3G (4G) အိုင်ပက်
အမျိုးအစားကိုသာ ရည်ရွယ်တာပါ။ ပထမအမျိုးအစားဖြစ်တဲ့ ၀ိုင်ဖိုင် (Wi-Fi)
သက်သက် အိုင်ပက်နဲ့ မဆိုင်ပါ။ (ရေးတင်ထားပြီး ဖြစ်သည့် “အိန္ဒိယအတွက်
အိုင်ပက်-သရီး” သတင်းကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်- http://ayechanmon.blogspot.in/2012/04/ipad3_17.html